အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး - ၁၆ ရက်တာလှုပ်ရှားမှု၏ အစီအစဉ်တစ်ခုဖြစ်သော “ထာဝရဖဲကြိုးဖြူ သံချပ်ပြိုင်ပွဲ”ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် နှင့် ၃ ရက်နေ့တွင် မန္တလေးမြို့၊ မနော်ရမ္မံကွင်းတွင် ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲတွင် သံချပ် ၈ ဖွဲ့ (အောင်စံမောင်၊ တမာရိပ်အမျိုးသမီးအဖွဲ့၊ စေတနာမွန်၊ ကာဒိုင်း၊ မန်းရွှေပြည်မှသက်တန့်လေးများ၊ ခင်မဒီ၊ ဥပဒေချစ်သူ နှင့် United Women) မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ အကဲဖြတ်ဒိုင်များအဖြစ် ဒေါ်လှမြင့် (ခ) ဒေါ်ကျည်းတန် (သံချပ်ပညာရှင်၊ မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့၏ နာယက)၊ ဦးသီဟ (မြန်မာစာကထိက - ငြိမ်း) (သံချပ်ပညာရှင်၊ အပ္ပမာဒေန သမ္မာဒေထ သံချပ်အဖွဲ့)၊ ဦးအောင်မျိုးမင်း (ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ပဲ့ကိုင်ကော်မတီဝင်)၊ ဒေါ်ကျော့ကျော့ခိုင် (ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ပဲ့ကိုင်ကော်မတီဝင်)၊ ဒေါ်စုစုငယ် (ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ပဲ့ကိုင်ကော်မတီဝင်) မှ ဆောင်ရွက်ခဲ့ပါသည်။ အစီအစဉ်တွင် အသိပညာပေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနှင့် သက်ဆိုင်သော သရုပ်ဖော်ပြဇာတ်များ၊ အမေးအဖြေကဏ္ဍများ၊ One Billion Rising တေးသရုပ်ဖော်အကများနှင့် အခြားသော အသိပညာပေး ဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင်ခဲ့ပါသည်။ ပထမနေ့ရက် ( ဒီဇင်ဘာလ ၂ ရက်) တွင် အခမ်းအနားကို ညနေ ၅ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ၀န်ကြီးဖြစ်သူ ဦးမျိုးသစ် (မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ - မန္တလေးတိုင်းဒေသကြီး၏ ဥက္ကဌ) မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး (ဗဟို)၏ အတွင်းရေးမှူးဖြစ်သူ ဦးမိုးဝင်းမှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားပေးခဲ့ပြီး ၁၆ ရက်တာ လှုပ်ရှားမှု လုပ်ငန်းအဖွဲ့ကိုယ်စား ဒေါက်တာကေသီမြင့်သိန်းမှ ပြိုင်ပွဲကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ပြိုင်ပွဲပထမနေ့တွင် (၁) အောင်စံမောင် (၂) တမာရိပ်အမျိုးသမီးအဖွဲ့ ( ၃) စေတနာမွန် စသော သံချပ်သုံးဖွဲ့မှ အသီးသီး ယှဉ်ပြိုင်တင်ဆက်ခဲ့ပါသည်။ ဒုတိယနေ့ရက် ( ဒီဇင်ဘာလ ၃ ရက်) တွင် One Billion Rising တေးသရုပ်ဖော်အကဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်ပြီး ၁၆ ရက်တာ လှုပ်ရှားမှုလုပ်ငန်းအဖွဲ့ကိုယ်စား ဒေါ်ခင်လှ (ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ပဲ့ကိုင်ကော်မတီဝင်)မှ ပြိုင်ပွဲကျင်းပရခြင်းအကြောင်းကို ထပ်မံရှင်းလင်းပြောကြားခဲ့ပါသည်။ တေးသံရှင်ဝင်းနောင် (ယဉ်ကျေးမှုသဘင်) မှ တေးသီချင်းများဖြင့် လာရောက်ဂုဏ်ပြုခြင်း၊ King N Queen အဖွဲ့ မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် သက်ဆိုင်သော သရုပ်ဖော်ပြဇာတ်များ ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။ ပြိုင်ပွဲဒုတိယနေ့တွင် (၁) ကာဒိုင်း (၂) မန်းရွှေပြည်မှ သက်တန့်လေးများ (၃) ခင်မဒီ (၄) ဥပဒေချစ်သူ နှင့် ( ၅) United Women စသော သံချပ်ငါးဖွဲ့မှ အသီးသီး ဆက်လက်ယှဉ်ပြိုင်တင်ဆက်ခဲ့ပါသည်။ မန္တ လေးမြို့တွင် ကျင်းပသော- ၂၀၁၇ ခုနှစ် “ထာဝရဖဲကြိုးဖြူသံချပ်ပြိုင်ပွဲ” တွင် သံချပ်အဖွဲ့ပေါင်း ၈ ဖွဲ့ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို ဥပဒေချစ်သူအဖွဲ့မှလည်းကောင်း၊ ဒုတိယဆုကို ကာဒိုင်းမှလည်းကောင်း၊ တတိယဆုကို မန်းရွှေပြည်မှ သက်တန့်လေးများမှ လည်းကောင်း ဆုခူးရရှိခဲ့ပါသည်။


back